Tuesday 29 September 2009

ဝဥသုပ်နှင့်ငါးဥခရမ်းချဉ်သီးချက်

ဝဥသုပ်

သာမညတောင် ရောက်ဖူးကြသူတိုင်း ဝဥသုပ်ကိုသိကြမှာပါ။
သာမညဆရာတော် ရှိစဉ်က ဆရာတော်ကိုဖူးဖို့ အတွက်လူတော်တော်များများ သာမညတောင်ကိုသွားတတ်ကြပါတယ်။
သာမညတောင်မှာက သတ်သတ်လွတ်ဘဲ စားရတယ်လေ။
ဆရာတော်ကြီးကျွေးတဲ့ သတ်သတ်လွတ်ဟင်းနဲ့ ထမင်းကို မစားဘဲ ထမင်းဆိုင်မှာ
ဝယ်စားမယ်ဆိုရင်လည်း သတ်သတ်လွတ်ဟင်းဘဲရောင်းကြပါတယ်။
ထမင်းဆိုင်တွေမှာမပါမဖြစ်တဲ့ဟင်းကတော့ ဝဥသုပ်ဘဲဖြစ်ပါတယ်။
ရန်ကုန်ကဈေးတွေမှာလည်း ရောင်းကြပါတယ်။
ဝဥဆိုပေမဲ့ အညိုရောင်အတုံးကြီးပါ။
ကိုယ်သွားဝယ်မှ လိုသလောက်ကို လှီးပေးတာပါ။
အရင်ဆုံး ဝဥကို အသေးလေးတွေလှီး ၊အိုးထဲထည့်ပြီး နည်းနည်းကျုံ့ သွားအောင်လှော်ရပါတယ်။
ကြက်သွန်ဖြူကိုလည်း ဆီချက်ချက်ထားပါတယ်။
ဂေါ်ဖီနဲ့ ကြက်သွန်နီကိုလည်းပါးပါးလှီးပြီးရေဆေးထားပါတယ်။
ငရုပ်သီးစိမ်းလေးလည်းပါးပါးလှီးထားပါတယ်။
စားတော့မယ်ဆိုရင် ဝဥ၊ဂေါ်ဖီ၊ကြက်သွန်နီ၊ငရုပ်သီးစိမ်းထည့်။
ပဲမှုန့် ၊အချိုမှုန့် ၊ဆားထည့်၊သံပုရာရည်ညှစ်၊ဆီချက်ကလေးဆမ်းပြီး နယ်စားရုံပါဘဲ။
ထမင်းမြိန်စေတဲ့ သတ်သတ်လွတ်ဟင်းတစ်ခွက်ပါရှင်...








ငါးဥခရမ်းချဉ်သီးချက်
ငါးဥကို ဆား၊ဆနွင်းနယ်ပြီး အရင်ဆုံးပြုတ်ထားလိုက်ပါတယ်။
ကြက်သွန်ဖြူ၊နီနဲ့ ငရုပ်သီးထောင်းပြီး ဆီသတ်လိုက်ပါတယ်။
ဆီသတ်ထားတဲ့ထဲကို ခရမ်းချဉ်သီးပါးပါးလှီးထည့်၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။
ရေခမ်းပြီး ခရမ်းချဉ်သီးလေးတွေလိတ်သွားရင် ပြုတ်ထားတဲ့ငါးဥထည့်၊ရေနည်းနည်းထည့်ပြီးတည်ပါတယ်။
ဆီပျံကာနီးမှာ ငရုပ်သီးစိမ်းလေးခတ်ပြီး ၊ဆီပျံရင်တော့စားလို့ ရပါပြီရှင်...



5 comments:

ဝက်ဝံလေး said...

ှုဝဥ ဆိုတာ ပဲသွေးကို ပြောတာလား ဟုတ်လား မသိလို့နော် ဟိဟိ
သတ်သတ်လွတ် သိပ်မစားဘူး ဒါကြောင့် ငါးဥခရမ်းချဉ်သီးချက်ပဲ စားသွားတယ်သိလား ဘိုင် တာ့တာ

စိမ်း... said...

အောင်မလေး ၀ဥတဲ့ ရှလွတ် လွမ်းလိုက်တာ... ဒီမှာလဲ ရှိဘူး... :P

Angel Shaper said...

ဝါးးးးးးးး ၀က်နော် ၀ဥဆိုတာ ၀က်ဥ ဟိဟိ။
မမိုးရေ... လာစားတယ်ဗျာ။။ ပလွတ် ပလပ်။။ဟဲဟဲ

ဖြူတုတ်လေး said...

ဝဥသုပ်တော့ ဖြူတုတ်တခါမှ မစားဖူးဘူး။ ငါးဥခရမ်းချဉ်သီးချက်တော့ အရမ်းကြိုက်။

littletaster said...

အဲဒိဝဥသုပ်စားချင်တယ်.. :(